“Pann Thee” Application

Pann Thee Application သည် Covid 19 ကပ်ရောဂါကြောင့် ကျောင်းများပိတ်ထားရချိန်တွင် ကျောင်းသားကျောင်းသူများ ပညာရေးရပ်တန့်မသွားစေရန် ဖောင်ဒေးရှင်းအနေဖြင့် အလျင်အမြန်အကောင်အထည်ဖော်ခဲ့သော စီမံကိန်းတစ်ခုဖြစ်သည်။

Covid 19 ကပ်ရောဂါကြောင့် ကမ္ဘာ့ပညာရေးစနစ်တစ်ခုလုံးတွင် များစွာသော ပြောင်းလဲမှုများ စိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သောမြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို သင်ယူနေကြသော ကျောင်းသား‌ကျောင်းသူများထဲတွင် ဘုန်းတော်ကြီးသင် ပညာရေး‌ကျောင်းများမှ ပညာရေးကိုသာ အားကိုးအားထားပြုရသော ကလေးငယ်များမှာ ပိုမိုထိခိုက်ခဲ့ရသည်။

ကျောင်းများပိတ်ထားသည့်အတွက် ကလေးများပညာသင်ကြားခွင့်မှ လက်လွတ်ခဲ့ရသည့်အခြေအနေကို  ကုစားနိုင်ရန်   အထက်တန်း အလယ်တန်း နှင့်မူလတန်းအဆင့် ဗီဒီယိုသင်ခန်းစာပေါင်း သုံးထောင်ကျော်ပါဝင်သော  Pann Thee Applicationကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။ Pann Thee Application သည် ကိုဗစ်အလွန်ကာလတွင်လည်း ကန့်သတ်ချက်များမရှိဘဲ လွတ်လပ်စွာဖြင့် အခြေခံပညာများကိုသင်ယူခွင့် ရရှိနိုင်သော သင်ယူနိုင်မှုတစ်ရပ်အနေဖြင့် ရှိနေပါသည်။ ကျောင်းသားကျောင်းသူများအတွက်လည်း အွန်လိုင်းသင်ကြားရေးသည် အတွေ့အကြုံသစ်ဖြင့် စိတ်ဝင်စားဖွယ်ဖြစ်သလို မိမိကိုယ်ကိုစီမံခန့်ခွဲနိုင်မှု ကျိုးကြောင်းဆက်စပ် စဉ်းစားနိုင်မှုများကို တိုးတက်စေနိုင်ပါသည်။ ထို့အပြင် လူမှုရေး၊ မိသားစုစားဝတ်နေရေး နှင့် အခြားသော အခြေအနေများကြောင့် အများနှင့်တန်းတူ ကျောင်းတက်ရန် ခက်ခဲနေသော ၊ စာသင်ကျောင်းခန်းတွင်းသို့ ရောက်မလာနိုင်သော ကလေးငယ်များ အတွက်လည်း အခြေခံပညာရေးကို အချိန်အခါမရွေး လွယ်ကူစွာသင်ယူနိုင်သော အွန်လိုင်းပညာရေးစနစ်တစ်ခု ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏အခြေခံပညာရေးစနစ်ဖြစ်သော မူလတန်း၊ အလယ်တန်း နှင့် အထက်တန်း အားလုံးအတွက် သင်ခန်းစာအလုံးစုံကို Pann Thee Application တွင် သင်ကြားလေ့လာနိုင်ပြီး မည်သူမဆိုအခမဲ့ကြည့်ရှုနိုင်ပါသည်။