ပညာရေးကဏ္ဍ

ဆရာဆရာမများအားစွမ်းရည်မြှင့်သင်တန်းများပေးခြင်း

ဆရာဆရာမများသည် ကျောင်းသားလူငယ်များ၏ အနာဂါတ်ဘဝကောင်းစွာတည်ဆောက်နိုင်ရန် လမ်းပြပေးနိုင်သည့် အရေးကြီးသောသူများဖြစ်သည်။ ထို့ကြောင့် ဆရာဆရာမများ၏ အရည်အသွေးပိုင်းအား တိုးတက်အောင်ပံ့ပိုးခြင်းသည်လည်း ဖောင်‌ဒေးရှင်း၏အလေးထား ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။

ဆရာဆရာမများအား သင်ကြားရေးဘာသာရပ်အလိုက် သင်ကြားမှုနည်းစနစ်များ Update ပြုလုပ်ခြင်း၊ နည်းပညာအသုံးချပြီး သင်ကြားရေးနည်းလမ်းများ ဆန်းသစ်တီထွင်ခြင်း ၊ ကျောင်းသားများနှင့်စာသင်ခန်းကို ထိရောက်အောင် စီမံခန့်ခွဲနိုင်စွမ်းများအတွက် ကျွမ်းကျင်သူများဖိတ်ခေါ်ပြီး လိုအပ်သော စွမ်းရည်မြှင့်သင်တန်းများကို ဖောင်‌ဒေးရှင်းမှ ပြုလုပ်ပေးခြင်းဖြစ်သည်။ သင်တန်းများသည် ဆရာဆရာမများအတွက် ပညာရပ်ပိုင်းဆိုင်ရာ မွမ်းမံမှုပေးရုံသာမကဘဲ ဆရာဆရာမများ အချင်းချင်းတွေ့ဆုံနိုင်ပြီး အတွေ့အကြုံများဖလှယ်နိုင်မှု၊ စိတ်ပိုင်းဆိုင်ရာအခက်အခဲများကို ရင်ဖွင့်ဆွေးနွေးနိုင်မှုများအပြင် တစ်ဦးနှင့်တစ်ဦး မတူညီသောကိုယ်ရည်ကိုယ်သွေးများ သိမြင်နိုင်မှုများကိုပါ ရရှိစေသည်။

ချို့တဲ့နွမ်းပါးပြီး လောကဓံများကို ငယ်စဉ်ကပင်ခံစားနေရသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကလေးငယ်များကို သင်ကြားပေးရသည့် ဆရာဆရာမများတွင်လည်း သင်ကြားရေးတွင်ချဉ်းကပ်မှုပုံစံများ ပျိုးထောင်မှုနည်းလမ်းများနှင့် ကျောင်းသား ကျောင်းသူများကို အကောင်းဆုံးနှင့် လက်တွေ့အကျဆုံးဖြစ်အောင် လမ်းပြပေးနိုင်ရန်အတွက် အသိပညာဗဟုသုတများစွာ လိုအပ်ပါသည်။

ဆရာဆရာမများ စဉ်ဆက်မပြတ်စွမ်းဆောင်ရည်တိုးတက်မှုသည် ပညာရေးစနစ် တစ်ခုလုံး၏ အောင်မြင်မှုအတွက် အရေးပါသော အချက် ဖြစ်သည်။