ပညာရေးကဏ္ဍ

ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း

ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းသည် ဘဝအခြေအနေခက်ခဲသော ကျောင်းသားများအတွက် ပညာသင်ကြားနိုင်ရန် အခွင့်အလမ်းတစ်ရပ် ဖန်တီးပေးခြင်းဖြစ်သည်။ ပညာသင်ထောက်ပံ့ကြေးပေးအပ်ရာတွင် ရည်မှန်းချက်ကြီးမားပြီး ပညာရေးတွင်ထူးချွန်ကြသော်လည်း ပညာဆက်လက်သင်ကြားရန် ခက်ခဲနေသော ကျောင်းသား ကျောင်းသူများကို စိစစ်ရွေးချယ်ပြီး လိုအပ်သောပညာသင်စရိတ်ကို ဖောင်‌ဒေးရှင်းမှပေးအပ်ခြင်းဖြင့် ၄င်းတို့၏ ပညာသင်ကြားခွင့်ကို မဆုံးရှုံးစေခြင်းဖြစ်သည်။

ပညာသင်ထောက်ပံ့ကြေးရ ကျောင်းသားကျောင်းသူများအနေဖြင့်လည်း ရရှိထားသောပညာသင်ထောက်ပံ့ကြေးကို လေးစားတန်ဖိုးထားပြီး မိမိတို့၏ အရည်အသွေးနှင့် ကြိုးစားအားထုတ်မှုကို ‌ကျဆင်းမသွားစေရန် အမြဲကြိုးစားပြီး ထိန်းသိမ်းထားကြရသည်။

ပညာသင်ထောက်ပံ့ကြေး လျှောက်ထားခြင်းအတွက် အမှန်တကယ်ရသင့်သူများကို ပေးအပ်နိုင်စေရန် ဖောင်ဒေးရှင်းမှ သတ်မှတ်ချက်များထားရှိထားသည်။ ဖောင်ဒေးရှင်းစတင်တည်ထောင်ခဲ့သည့် ၂၀၁၀ ခုနှစ်မှ ယနေ့အချိန်အထိ ကျောင်းသားကျောင်းသူပေါင်း ( ၁၇၆ ) ဦးကို ၄င်းတို့လိုအပ်မှုအလိုက် ထောက်ပံ့ကြေးများပေးခဲ့ပြီး ကောင်းမွန်သော ဘဝလမ်းကြောင်းတွင် ရောက်ရှိနေကြပြီဖြစ်သည်။ တက္ကသိုလ်စတက်ချိန်မှ ဘွဲ့ရသည်အထိ ပညာသင်ကာလတလျှောက်လုံး  ဖောင်ဒေးရှင်းမှ ပညာသင်ဆုပေးအပ်ခဲ့သောကျောင်းသား ( ၇ ) ဦးရှိပြီး ဆရာဝန်ဘွဲ့ရရှိခဲ့သူ ( ၃ ) ဦး နှင့် အခြားဘွဲ့ရရှိခဲ့သူ ( ၄ )ဦး ရှိသည်။